🧅 ကြက်သွန်
ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
Downy mildew
အသေးစိတ်
ကြက်သွန်နီ ဒေါင်းနီမှိုရောဂါ (Downy Mildew) သည် Peronospora destructor မှိုကြောင့်ဖြစ်ပြီး ညဖက်အပူချိန်အေး၍ လေထုစိုထိုင်းဆအလွန်များသော ရာသီဥတုတွင် ကြက်သွန်ခင်းများကို လျင်မြန်စွာ ကူးစက်ဖျက်ဆီးတတ်သော ရောဂါဖြစ်ပါသည်။ ရောဂါကျရောက်ပါက ကြက်သွန်ရွက်ပေါ်တွင် အဝါရောင်ကွက်များဖြစ်ပေါ်ကာ ၎င်းအပေါ်၌ ကတ္တီပါကဲ့သို့ ခရမ်းပြာရောင်မှိုပွင့်များ ဖုံးလွှမ်းလာပြီး အရွက်များ လိပ်ကောက်ကျိုးကျကာ ခြောက်သွေ့သွားတတ်သဖြင့် ကြက်သွန်ဥများ သေးသိမ်၍ အထွက်နှုန်းကို များစွာ လျော့ကျစေပါသည်။ ဤမှိုပိုးသည် လေမှတစ်ဆင့်လည်းကောင်း၊ မြေကြီးနှင့် ကောက်ရိုးဟောင်းများမှတစ်ဆင့်လည်းကောင်း လျင်မြန်စွာ ကူးစက်တတ်သဖြင့် ၊ ကာကွယ်ရန် စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းစေခြင်း၊ ရေသွင်းရေထုတ်စနစ်မှန်ကန်ခြင်းနှင့် ရောဂါစတွေ့သည်နှင့် မက်တလက်ဆဲလ် (Metalaxyl) သို့မဟုတ် မန်ကိုဇက် (Mancozeb) ကဲ့သို့သော ကာကွယ်ကုသမှိုသတ်ဆေးများကို အချိန်မီ ပက်ဖျန်းပေးရန် အထူးလိုအပ်ပါသည်
ရောဂါလက္ခဏာများ
အရွက်များပေါ်တွင် ဖျော့တော့တော့ အဝါရောင်အစင်းကွက်များ ပေါ်လာခြင်း၊ ခရမ်းပြာရောင် မှိုမှုန့်များ ဖုံးအုပ်လာခြင်း၊ အရွက်များ လိပ်ကောက်ပြီး ကျိုးကျခြင်း၊ ရွက်ဖျားများ ခြောက်သွေ့ညှိုးနွမ်းခြင်း၊ ကြက်သွန်ဥများ သေးသိမ်၍ အထွက်နှုန်းလျော့ကျခြင်း
ကာကွယ်ကုသခြင်း
မျိုးစေ့/ဥသန့်ရှင်းရေး ပြုလုပ်ခြင်း၊ မှိုသတ်ဆေးများ ဖြန်းခြင်း ၊သီးလှည့်စိုက်ပျိုးခြင်း၊ ရေသွင်းရေထုတ်စနစ် ကောင်းမွန်စေခြင်း၊ ရောဂါကျရောက်သော အရွက်များကို ဖယ်ရှားခြင်း ၊ သီးနှံကြားကွက် ကျယ်စေခြင်း၊ ရောဂါခံနိုင်ရည်ရှိသော မျိုးများ ရွေးချယ်စိုက်ပျိုးခြင်း