🧅 ကြက်သွန်
ဖူဆေရီယမ်မှိုကြောင့်ဖြစ်သော ရောဂါများ
Fusarium-D
အသေးစိတ်
ကြက်သွန်နီ ဖူဆေရီယမ် ပင်ခြေပုပ်ရောဂါ (Fusarium Basal Rot) သည် Fusarium oxysporum မြေဆောင်မှိုကြောင့် ဖြစ်ပွားပြီး မြေကြီးအတွင်း စိုထိုင်းဆနှင့် အပူချိန်မြင့်မားသော အခြေအနေများတွင် ကြက်သွန်ခင်းများကို ကူးစက်ဖျက်ဆီးတတ်သော ရောဂါဖြစ်ပါသည်။ ရောဂါကျရောက်ပါက ကြက်သွန်ရွက်များ ရွက်ဖျားမှစ၍ ဝါခြောက်ညှိုးနွမ်းလာကာ မြေကြီးထဲရှိ ကြက်သွန်မြစ်များနှင့် ဥအခြေများ ပုပ်ပျက်သွားပြီး အဖြူရောင် သို့မဟုတ် ပန်းရောင်မှိုမျှင်များ တွေ့ရတတ်သဖြင့် ကြက်သွန်ဥများ ပုပ်စိမ့်၍ အထွက်နှုန်းကို များစွာ လျော့ကျစေပါသည်။ ဤမှိုပိုးသည် မြေဆီလွှာထဲတွင် နှစ်ရှည်လများ ခိုအောင်းနေနိုင်ပြီး ရေမှတစ်ဆင့်လည်းကောင်း၊ စိုက်ပျိုးရေးသုံးကိရိယာများမှတစ်ဆင့်လည်းကောင်း ကူးစက်တတ်သဖြင့် ၊ ကာကွယ်ရန် ဥများကို စိုက်ပျိုးခါနီးတွင် မှိုသတ်ဆေးစိမ်ခြင်း၊ ရေသွင်းရေထုတ်စနစ်မှန်ကန်ခြင်း၊ သီးလှည့်စိုက်ပျိုးခြင်းနှင့် ရောဂါစတွေ့သည်နှင့် သီအိုဖနိတ် မီသိုင်း (Thiophanate-methyl) သို့မဟုတ် ကာဗင်ဒါဇင် (Carbendazim) ကဲ့သို့သော မှိုသတ်ဆေးများကို အပင်ခြေရင်းမြေကြီးထဲသို့ စနစ်တကျ လောင်းပေးရန် အထူးလိုအပ်ပါသည်။
ရောဂါလက္ခဏာများ
အရွက်များ ရွက်ဖျားမှစ၍ ဝါခြောက်ညှိုးနွမ်းခြင်း၊ ကြက်သွန်ဥအခြေတွင် မှိုမျှင်ဖြူများ/ပန်းရောင်မှိုများ တွေ့ရခြင်း၊ ကြက်သွန်မြစ်များ ပုပ်ပျက်ခြင်း၊ ကြက်သွန်ဥများ ပုပ်ပျက်၍ အထွက်နှုန်းလျော့ကျခြင်း
ကာကွယ်ကုသခြင်း
မျိုးစေ့/ဥများကို မှိုသတ်ဆေးစိမ်ခြင်း၊ မှိုသတ်ဆေးများ (မြေဆီလွှာ) ဖျန်းခြင်း/လောင်းခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ ရေသွင်းရေထုတ်စနစ် ကောင်းမွန်စေခြင်း၊ ရောဂါကျရောက်သော အပင်များကို ဖယ်ရှားခြင်း၊ သီးနှံကြားကွက် ကျယ်စေခြင်း၊ ရောဂါခံနိုင်ရည်ရှိသော မျိုးများ ရွေးချယ်စိုက်ပျိုးခြင်း