စပါးကြဲပက်စိုက်ပျိုးနည်း (အခြောက်/အစို)

စပါးကြဲပက်စိုက်ပျိုးနည်း (အခြောက်/အစို)

16/08/2026

အသေးစိတ်

စပါးကြဲပက်စိုက်ပျိုးနည်း (အခြောက်/အစို) Broadcasting (Dry/Wet)

မိုးဦးကာလနှင့် မိုးလယ်ကာလ ၊မိုးခေါင်သောအခါတွင်လည်းကောင်း၊ ရေကြီးနစ်မြုပ်ဖြစ်တတ်သော ရေနက်ကွင်းများတွင်လည်းကောင်း၊ ဒီရေအတက်အကျရှိသော နေရာများတွင်လည်းကောင်း၊သွင်းရေရရှိရန် မလွယ်ကူသော မိုးရေသောက် ကုန်းမြင့်ပိုင်းလယ်များတွင်လည်းကောင်း၊ အချိန်လု၍ စိုက်ပျိုးရန်လိုအပ်သည့် ကာလများတွင်လည်းကောင်း၊ ဒေသအလိုက် သင့်တော်သည့်စိုက်ပျိုးနည်းများအနက် စပါးကြဲပက်စိုက်ပျိုးနည်းစနစ်သည် ဆောင်ရွက်သင့်သော စိုက်နည်းစနစ်ဖြစ်ပါသည်။ စပါးကြဲပက်စိုက်ပျိုးနည်းသည် အချိန်တိုအတွင်း၊ လုပ်သားနှင့်ရေလိုအပ်ချက် နည်းနည်းဖြင့်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ ကုန်ကျစရိတ်လျော့နည်းစေသည့် နည်းစနစ်ဖြစ်၍ စပါးအခြောက်ကြဲပက်စိုက်ပျိုးခြင်းနှင့် အစိုကြဲပက်စိုက်ပျိုးခြင်း (၂)နည်း ရှိပါသည်။

ကြဲပက်စိုက်ပျိုးနည်း၏ အကျိုးကျေးဇူးများ

အချိန်တိုအတွင်း ဧကများစွာ စိုက်ပျိုးနိုင်ပါသည်။ ပျိုးနှုတ်ခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ လုပ်ငန်းများလုပ်ဆောင်ရန် မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ် သက်သာစေပါသည်။ ပြောင်းရွှေ့စိုက်ပျိုးခြင်းမပြုလုပ်ရသည့်အတွက် အပင်ထိခိုက်မှုမရှိစေပါ။ အစိုကြဲပက်စိုက်ပျိုးခြင်းသည် အခြောက်ကြဲပက်စိုက်ပျိုးခြင်းထက် အပင်ပေါက်ရောက်ဖြစ်ထွန်းမှု သေချာစေပါသည်။ စပါးမျိုးတူပါကပျိုး ထောင်စိုက်ပျိုးခြင်းထက် ရိတ် သိမ်း ချိန် (၇‒၁၀) ရက်ခန့် စောနိုင်ပါသည်။

၁။ စပါးမျိုးရွေးချယ်ခြင်း နှင့်မြေပြုပြင်ခြင်း

ရာသီဥတုဒဏ်ခံနိုင်သည့် အပင်ပေါက်စွမ်းအားကောင်းပြီး ၊အထွက်ကောင်းမျိုးသန့်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။ အပင်အရပ်မမြင့်သော သက်လျင်၊သက်လတ်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။ အခြောက်ကြဲပက်စိုက်ပျိုးရာတွင် အခြောက်ထယ်ရေးကို ပုံမှန်အတိုင်း ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက် ထွန်ယက်ပြီးမှ ကြဲပက်စိုက်ပျိုးရသည်။ အစိုကြဲပတ်စိုက်ပျိုးရာတွင်သမန်းပြင် ကောင်းစွာပြုပြင်ပြီးမှ ကြဲပက်စိုက်ပျိုးရခြင်း ဖြစ်သည်။ မျိုးစေ့ချရန် သင့်တော်သော မြေအစိုဓါတ်ရှိချိန်တွင် မြေခံမြေဩဇာ ထည့်သွင်း၍ ကြမ်းတုံးရိုက် မြေညှိ စိုက်ခင်းမြေ ညီညာပြီးရေပြောင်စင်အောင်ထုတ်နိုင်ရန် စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုလုပ်ထားရမည်။

၂။ မျိုးစေ့ချခြင်း

တစ်ဧကအတွက် မျိုးသန့်စပါးမျိုးစေ့ (၂)တင်း အသုံးပြုရမည်။ အခြောက်ကြဲပက်စိုက်ပျိုးရာတွင် မျိုးစေ့ကို အခြောက်အတိုင်း ကြဲပက်ပြီး ကြမ်းရိုက်၍ ဖုံးအုပ်ရမည်။ အစိုကြဲပက်စိုက်ပျိုးရာတွင်စပါးစေ့များကို (၂၄)နာရီကြာ ရေစိမ်၍ ရေပေါ်ပေါ်သော မျိုးစေ့များကို ဖယ်ရှားကာ (၂၄)နာရီကြာ မျိုးအုပ်ရမည်။ မျိုးစပါးကို စာပါးစပ်ပြူအနေအထားတွင် ကြဲပက်ရမည်။ မျိုးစေ့ကြဲပက်ရာတွင်ညီညာစေရန် ဂရုပြုရမည်။ မျိုးစေ့ကြဲပက်စက်ကိရိယာကို အသုံးပြု၍လည်း စိုက်ပျိုးနိုင်သည်။ မျိုးစေ့ချပြီးချိန်မှ (၅)ရက်အတွင်း ကြွက်၊ငှက်၊တိရိစ္ဆာန်တို့၏ ဖျက်ဆီးခြင်းမှ ကြိုတင်ကာကွယ်မှုများပြုလုပ်ရမည်။ အပင်ပေါက်ပြီးနောက် (၁)လအတွင်း ကောက်ပင်ဖာခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါမည်။

၃။ မြေဩဇာကျွေးခြင်း

နွားချေးဆွေးနှင့် သဘာဝမြေဩဇာကို မြေခံအဖြစ် သုံးစွဲပါ။ ကောက်ရိုး၊ နှမ်းရိုး၊ စပါးခွံစသည့် သီးနှံအကြွင်းအကျန်များနှင့် နွားချေးတို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် ထည့်ပါက အပင်၏ အနည်းလိုအာဟာရဓါတ်များကို ပံ့ပိုးပေးသည့်အပြင် မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတက်စေသည်။ ပုလဲဓါတ်မြေဩဇာအား အပင်ပွားစီးချိန်နှင့် အနှံမထွက်မီ(၅)ရက်အလိုတွင် အိတ်ဝက်စီ(တစ်အိတ်/ဧကနှုန်း) မှို့ကပ်ချိန်တွင် ပိုတက်ရှ်မြေဩဇာတစ်ဧက တစ်စိတ်(၁/၄အိတ်)/ဧက နှုန်း ထည့်သွင်းပေးပါ။ မြေဆီလွှာဓါတ်ခွဲခန်းများတွင် မြေဆီလွှာစမ်းသပ်စစ်ဆေး၍ ထောက်ခံချက်ပေးထားသော နှုန်းထားအတိုင်း ထည့်သွင်းအသုံးပြုပါ။ စပါးအရွက်အရောင်တိုင်းကဒ် (LCC)ကို အသုံးပြု၍ နိုက်ထရိုဂျင်ဓါတ်မြေဩဇာ လိုအပ်ချက်ကို အလွယ်တကူ သိရှိနိုင်ပါသည်။

၄။ ရေသွင်းရေထုတ်ပြုလုပ်ခြင်းနှင့်ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း

ရေသွင်းရေထုတ်ကို လိုအပ်သလို ဆောင်ရွက်ပေးရမည်။ အပင်ပေါက်ပြီး(၂)ပတ်အတွင်း ရေမမြုပ်စေရန် သတိပြုရမည်။ မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေလုံလောက်စွာ ရရှိရန်လိုပါသည်။ ရိတ်သိမ်းရာတွင် လွယ်ကူစေရန် ပန်းပွင့်စုံပြီးနောက် (၂၀-၂၅)ရက် အတွင်းရေထုတ်ပေးရပါမည်။ ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် ပေါင်းနှိမ်နင်းရန် လိုအပ်ပါသည်။ မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းမြက်များအား နှိမ်နင်းနိုင်သည်။ လက်ဖြင့်ပေါင်းမြက်နုတ်ခြင်း၊ ပေါင်းသတ်ဆေးဖြင့်ဖြစ်စေ ပေါင်းမြက်နှိမ်နှင်းခြင်းကို အပင်ပေါက်ပြီး (၁) ပတ်မှ (၁)လအတွင်း ဆောင်ရွက်ရပါမည်။ စပါးမျိုးစေ့မကြဲမီနှင့် စပါးပင်ပေါက်ပြီး ပေါင်းပင်အမျိုးအစားပေါ်မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းအတိုင်း တိကျစွာ အသုံးပြုပါ ။

၅။ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း

ပိုးမွားရောဂါ ကျရောက်ဖျက်ဆီးမှုရှိ/မရှိကို အမြဲမပြတ် ကွင်းဆင်းကင်းထောက်စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။ ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်နှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။ ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် စိုက်ခင်း၏ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များကို ရှင်းလင်းခြင်း၊ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကာပစ္စည်းများအသုံးပြုခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်နိုင်ပါသည်။

၆။ ရိတ်သိမ်းခြင်း

စပါးနှံ၏ (၈၀‒၈၅)ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်)တွင် အလေအလွင့်အနည်းဆုံးနည်းလမ်းဖြင့် ရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့၍ အခြောက်ခံပါ။ စပါးအစိုဓါတ်သည်မျိုးအတွက်(၁၃)ရာခိုင်နှုန်းနှင့် စားသုံးမည့်စပါးအတွက် (၁၄)ရာခိုင်နှုန်း လိုအပ်ပါသည်။

စာရင်းသို့ ပြန်သွားရန်