နှံစားပြောင်းစိုက်ပျိုးနည်းစနစ်
အသေးစိတ်
နှံစားပြောင်းသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရရှိစေရေးအတွက်အထောက်အကူပြုပေးနိုင်သည့်အောက်ဖော်ပြပါစိုက်ပျိုးနည်းစနစ်များအတိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါ သည်။
စိုက်ပျိုးနည်းစနစ်
- စိုက်ပျိုးရာတွင်တန်းကြား(၂၄)လက်မမျိုးစေ့များကိုထွန်ကြောင်းထဲတွင်ဖြူးချစိုက်ပျိုးရမည်။အနှံအတွက်အဓိကထားပါကတစ်ဧကလျှင်မျိုးစေ့နှုန်းတစ်တင်းအသုံးပြုရမည်။
- ပြောင်းရိုးအတွက်အဓိကထားစိုက်ပျိုးပါကတန်းကြား(၁၆)လက်မမျိုးစေ့ကိုစိုက်ကြောင်းထဲတွင်ဖြူးချစိုက်ပျိုးရမည်။မျိုးစေ့နှုန်း(၁.၅)တင်းနှုန်းအသုံးပြုရမည်။
- မြေပြုပြင်ချိန်တွင်နွားချေး၊သဘာဝမြေဩဇာကိုတစ်ဧကလျှင်လှည်း(၁၀-၁၅)စီးနှုန်းထည့်သွင်းရမည်။
- အထွက်နှုန်းပိုမိုရရှိရန်ယူရီးယား(၂၈)ပေါင်၊တီစူပါ(၅၆)ပေါင်နှင့်ပိုတက်ရှ်(၂၈)ပေါင်နှုန်းကိုမြေပြင်စဉ်တွင်ထည့်ရန်လိုအပ်ပြီးအပင်သက်တမ်း(၂၀)ရက်သားတွင်ယူရီးယား(၂၈) ပေါင်နှုန်း၊အပင်သက်တမ်(၃၅)ရက်သားတွင်ယူရီးယား(၅၆)ပေါင်နှုန်းထပ်မံထည့်ပေးရမည်။
မြေအမျိုးအစား
- (ရေဝပ်သောမြေ၊စမ်းပေါက်သောမြေ၊ကျောက်စရစ်မြေ)တို့မှအပကျန်မြေများတွင်စိုက်ပျိုးဖြစ်ထွန်းပါသည်။အကောင်းဆုံးမြေမှာနုံးမြေစေးဖြစ်ပါသည်။
- မြေချဉ်ငံဓာတ်(၇.၅)မှ(၈.၅)အတွင်းစိုက်ပျိုးနိုင်သည်။
စိုက်ပျိုးချိန်
မိုးဦးနှင့် မိုးနှောင်းကာလများတွင်စိုက်ပျိုးနိုင်ပြီးမိုးရေချိန်(၂၅)လက်မအောက်ရွာသွန်းသောဒေသများတွင်မိုးဦးပိုင်း(မေ၊ ဇွန်လ)၌စိုက်ပျိုးရမည်။မိုးရေချိန်(၂၅)လက်မထက်ရွာသောဒေသများတွင်မိုးဦး/မိုးနှောင်းနှစ်ချိန်စလုံးစိုက်ပျိုးနိုင်သည်။
မျိုး
- အထွက်နှုန်းကောင်းမွန်သောရွှေနီမျိုး-၁၅၊ ရေဆင်းနှံစားပြောင်း-၇၊ ရေဆင်းနှံစားပြောင်း-၈နှင့်ရေဆင်းနှံစားပြောင်း-၉တို့ကိုရွေးချယ်စိုက်ပျိုးရပါမည်။
သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း
- စိုက်ပျိုးပြီး(၁၅)ရက်သားမှစ၍(၅)သွားသံထွန်ဖြင့်(၂-၃)ကြိမ်ပေါင်းတင်မြေဆွပေးရမည်။
- အစေ့အတွက်စိုက်ပျိုးပါကအပင်ပေါက်ထူလွန်းလျှင်အထူအပါးလိုက်၍(၃)သွား(သို့မဟုတ်)(၅)သွားထွန်ဖြင့်အပင်မှုန်းပေးရမည်။
ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ
- နှံစားပြောင်းများကို ရိတ်သိမ်းရာတွင် အရင်းမှကပ်၍ရိတ်ပြီးအကွက်ထဲတွင်အခြောက်ခံထားရမည်။
- ပြောင်းရိုးများမခြောက်မီအနှံများကိုတံစဉ်ဖြင့်ဖြတ်သိမ်းရမည်။
- အနှံများကိုတလင်းတွင်ဖြန့်ကာနွားဖြင့်နင်းနယ်၍အစေ့များကိုခြွေထုတ်ရမည်။
တန်ဘိုးမြှင့်ထုတ်ကုန်များ
- ကိတ်မုန့်၊ပေါင်မုန့်၊မုန့်ကြွပ်ပြုလုပ်ရာတွင်ဂျုံမှုန့်နှင့်ရောစပ်အသုံးပြုနိုင်ခြင်း
- ဒေသသုံးခေါင်ရည်နှင့်အရက်ဘီယာထုတ်လုပ်ခြင်း
- ကော်၊ဖယောင်းစသည့်လူသုံးကုန်ပစ္စည်း စသည့်တန်ဘိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ပါသည်။