လူး/ဆပ်သီးနှံ စိုက်ပျိုးနည်းစနစ်
အသေးစိတ်
ဆပ်သည် မြေအမျိုးအစားမရွေးသော်လည်း မြေသြဇာထက်သန်ကောင်းမွန်သော မြေတွင် အထွက်ပိုကောင်းသည်။ ဆပ်သည် ပူနွေးသော ရာသီဥတုကြိုက်နှစ်သက်သော်လည်း အမြင့်ပေခြောက်ထောင်အထိရှိသော ကုန်းမြင့်များတွင်လည်း စိုက်ပျိုးနိုင်သည်။ သို့သော် နေ့တာတိုသောအခါမှ ပန်းပွင့်သည့်နေ့တာတို ကြိုက်ပင်ဖြစ်သည်။ မိုးစကျသည်နှင့် ထွန် ၅ စပ်၊ ၆ စပ် ဝင်ပြီးနောက် စိုက်ပျိုးရန် အသင့်ဖြစ်သည်။ မြေမာမှ ထယ်ကို သုံးရသည်။ အပူပိုင်းဒေသ သဲဆန်သော မြေတွင် ထယ်သုံးလေ့ သုံးထမရှိပါ။ ဆပ်ကို မိုးနှင့် မိုးနှောင်းတွင် စိုက်ပျိုးနိုင်သည်။ဆပ်ကို နွားစာအတွက် ကြဲပက်၍ စိုက်ပျိုးနိုင်ပြီး ကြဲပြီးက ထွန်ဖြင့် ဖုံးရသည်။ အပင်ပေါက် လာလျှင် ထူလွန်းက ထွန်ဖြင့်မှုန်းရသည်။ဤနည်းသည်တစ်ဧကလျှင် မျိုးစေ့သုံးပြည်မှ လေးပြည် လိုအပ်သည်။အတန်းလိုက် စိုက်ပါက တစ်တန်း နှင့် တစ်တန်း တစ်ပေခွာပြီး တစ်ပင် နှင့် တစ်ပင် အများဆုံးနှစ်လက်မခွာ၍ စိုက်ပျိုးရသည်။ဤနည်းသည်တစ်ဧကလျှင်မျိုးစေ့တစ်ပြည်နှစ်ပြည်ခန့်လိုအပ်သည်။အစေ့များသည် သေးငယ်သော ကြောင့် မြေအနက် လက်မဝက်ခန့်သာထား၍ စိုက်ပျိုးသင့် သည်။ သဲဆန်သောမြေနှင့် အစိုဓာတ်ဆုတ်ယုတ်နေသောမြေမျိုးတို့တွင် တစ်လက်မ ကျော်ကျော် အနက်ထား၍ စိုက်ပျိုးသင့်သည်။ အပင်အသက်သုံးလခွဲလေးလအကြာတွင် ရိတ်သိမ်းနိုင်သည်။ အနှံထိပ်ဖျားပိုင်းအစေ့များမှစ၍ အနှံအရင်းပိုင်းအစေ့များအထိ တစ်စတစ်စရင့်မှည့်သည်။ လုံး၀မရင့်မီရက်အနည်းငယ်စော၍ ရိတ်သိမ်းမှ အလေအလွင့်နည်းစေသည်။ ထိုအချိန်၌ အပင်မှာမူစိမ်းနေသေးသည်။ ဆပ်တွင် ကျရောက်တတ်သောဖျက်ပိုးနှင့် မှိုရောဂါအထင်အရှားမတွေ့ရှိရသေးပါ။
လူး/ဆပ်သီးနှံ စိုက်ပျိုးနည်းစနစ်ကောင်းများ
မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ရရှိအောင် ဆောင်ရွက်ပါ။
တစ်ဧက အပင်ဦးရေ (၆၅၀၀၀) ပင် ရရှိအောင် ပင်ကြား (၄) လက်မ၊ တန်းကြား (၂) ပေဖြင့် စိုက်ပါ။
သဘာဝ မြေသြဇာကို တက်နိုင်သမျှ ထည့်သွင်းပါ။
မြေသြဇာနှုန်းထား
ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ - ၂၈ ပေါင်/ဧက၊
တီစူပါ (ကြွက်ချေး) ဓာတ်မြေသြဇာ - ၅၆ ပေါင်/ဧက နှင့်
ပိုတက်ရှ် (ဓာတ်ဆား) ဓာတ်မြေသြဇာ - ၂၈ ပေါင်/ဧက နှုန်း မြေပြင်ချိန်တွင် ထည့်ပါ။
အပင်သက်တမ်း (၂၀) ရက်သားအား ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ ၂၈ ပေါင်/ဧက နှုန်း၊ အပင်သက်တမ်း (၃၅) ရက်သားအား ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ ၅၆ ပေါင်/ဧက နှုန်း ထည့်ပေးရပါမည်။
အပင်ပေါက်စုံပြီး (၁၄) ရက်သားတွင် တစ်ကျင်းလျှင် တစ်ပင်ချန်၍ သားခွဲပါ။
စိုက်ကွက်တွင် ရေမဝပ်စေရန် ဆောင်ရွက်ပါ။
အပင်သက်တမ်း (၃၅ မှ ၄၀) ရက်သားတွင် ဘောင်တင်ပြီးသည်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။
ပန်းဖြိုင်ဖြိုင်ပွင့်ပြီး (၂၅ မှ ၃၀) ရက်အတွင်း ရိတ်သိမ်းနိုင်ပါသည်။