ကလောစိုက်ပျိုးနည်းစနစ်

ကလောစိုက်ပျိုးနည်းစနစ်

16/08/2026

အသေးစိတ်

မျိုးရင်း - Flacourtiaceae. (နရွဲမျိုးရင်း)

ရုက္ခဗေဒအမည် - Hydnocarpus kurzii Warburg

မြန်မာအမည် – ကလော

အပင်။ ။ အမြဲစိမ်းလန်းသော ပင်မတ်ပင်ကြီးမျိုးဖြစ်၏။(၅၀- ၈၀)ပေမြင့်၍၊လုံးပတ်(၂-၄)ပေရှိိ၏၊အကိုင်းများထိပ်ဖျား၌စုနေ၍အောက်သို့တွဲလောင်းဖြာကျသည်၊အခေါက်ညိုဝါရောင်၊ မီးခိုးရောင်ရှိ၍အဖြူကွက်ကလေးများပါရှိသည်။

အရွက် ။ ။ ရွက်လွှဲထွက်သည်(၇- ၁၀)လက်မရှည်သည်၊ ရွက်ပြားသားရေကဲ့သို့ပြောင်ချောပြီးမာသည်၊ ရွက်ထိပ်ချွန်သည်၊ ရွက်ညှာရှည်၍ ရွက်နားလှိုင်းတွန့် ရှိသည်။

အပွင့် ။ ။ သေးငယ်၍ အဝါဖျော့ရောင်ရှိသည်၊ အနံ့မရှိ၊ တပေါင်းလနှင့်တန်ခူးလတွင် ပွင့်သည်။

အသီး ။ ။ ညိုဝါရောင်ရှိပြီး ကတ္တီပါကဲ့သို့ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်၊ အချင်း(၃) လက်မခန့်ရှိ၍ လုံးဝိုင်းသည်၊ ဝါဆိုလကုန်တွင် သီးသည်။

အစေ့ ။ ။(၁)လက်မခန့်ရှိသောအစေ့များစွာပါရှိပြီးအသားပျော့ထဲတွင်နစ်မြုပ်နေသည်။ ၎င်းအစေ့မှကလောဆီကို ထုတ်ယူ၍ဆေးဝါးအဖြစ်သုံးကြသည်။

ပေါက်ရောက်သည့်ဒေသ။ ။ ချင်းတွင်း၊ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ ပျဉ်းမနားနှင့်အမြဲစိန်းလန်းသောသစ်တောများတွင်ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ။ ။ သဘာဝအလျောက် လျှိုမြောင်စိမ့်စမ်းရှိသော တောင်စောင်းများတွင်ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း။ ။ အခေါက်၊ အသီး၊ အဆီ။

အာနိသင် ။ ။ မြန်မာဆေးကျမ်းများအလိုအရပူ၏၊ခါးစပ်၏၊အန်စေသည်။ အဆိပ်ကိုပြေစေသည်၊ နာကျင်ကိုက်ခဲခြင်း နှင့်အစာမကြေလေရောဂါတို့ကို ပျောက်စေ၏၊ရောဂါပိုးများကိုနိုင်သည်။

အသုံးပြုပုံမှာ -

အခေါက် - အခေါက်ကို အဖျားကျဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏။

အသီး - ကလောသီးကိုစားပါက နူနာ၊ အပူကြောင့်ဖြစ်သောအနာ၊ အော့အန်သောအနာတို့ ပျောက်ကင်း၍ သွေးလေ သလိပ်တို့ကိုကြေစေသည်။

အဆီ - (၁) ကလောအဆီကိုလိမ်းခြင်းဖြင့်နာကျင်ကိုက်ခဲခြင်းကိုပျောက်စေသည်။သွေးကိုသန့်ရှင်းစေသောသတ္တိရှိ၏။

(၂) အဆီသည်ပူသဖြင့်ရောဂါပိုးမွှားများကိုသေစေသည်။ထို့ကြောင့် နူနာနှင့် အခြားအရေအပြားရောဂါများကို ကုသရာ၌အများဆုံးအသုံးပြုကြသည်။

စာရင်းသို့ ပြန်သွားရန်