ကနခိုစိုက်ပျိုးနည်းစနစ်

ကနခိုစိုက်ပျိုးနည်းစနစ်

16/08/2026

အသေးစိတ်

မျိုးရင်း - Euphorbiaceae. (ကြက်ဆူမျိုးရင်း)

ရုက္ခဗေဒအမည် - Croton tiglium Linn.

မြန်မာအမည် - ကနခို

အင်္ဂလိပ်အမည် - Purging Croton.

ရှမ်းအမည် - Mai- Hkang.

အပင်

အမြဲစိမ်းပင်လတ်မျိုးဖြစ်သည်၊အမြင့်(၁၅)ပေမှပေ(၂၀)ထိရှိ၏၊ပင်စည်အခေါက်ညိုပြာပြာရောင်ရှိ၍ချော၏။

အရွက်

ရွက်လွှဲထွက်သည်၊ဘဲဥပုံသဏ္ဍာန်ရှိ၍အဖျားချွန်သည်၊အရင်းဝိုင်း(သို့)အနည်းငယ်သွယ်သည်၊၊ရွက်ပြားပြောင်ချော၍ရွက်ကြောထင်ရှား၏၊၊ရွက်နားခွေးသွားစိပ်ရှိ၏၊၊ရွက်ညှာရှည်၏၊၊လိမ်မ္မော်ရောင်မှအစိမ်းရောင်ထိရှိသည်။

အပွင့်

သေးငယ်ပြီးအဖိုပွင့်အမပွင့်ရှိသည်၊၊အဖိုပွင့်၏ပွင့်ဖတ်တွင်အမွေးမဲ့၍ဖြူသည်၊၊အမပွင့်၏ပွင့်ဖတ်တွင်အမွေးရှိသည်။အပွင့်ခိုင်သည်အခက်အလက်တို့၏အဖျားမှ ထွက်၏။ နယုန်၊ ဝါဆိုလတို့တွင်ပွင့်သည်။

အသီး

ထောင့်(၃)ထောင့်ပါရှိသောအက်ကွဲသီးဖြစ်သည်။အစေ့ချောမွတ်၍ရှည်မျောမျောပုံရှိသည်။တပိုတွဲမှကဆုန်လအတွင်းအသီး ရင့်မှည့်သည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာပြည်ပူအိုက်စွတ်စိုသောဒေသများတွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။အမြင့်ပေ(၂၀၀၀)အထိစိုက်ပျိုးနိုင်သည်။

ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင်ဖြစ်သည်။စိုက်ပျိုးပုံမှာ–

(က) ပျိုးထောင်ခြင်း။ ။ကနခိုကိုသီးသန့်စိုက်မည်ဆိုပါကမြေကိုကောင်းစွာထွန်ယက်ပေးရမည်။အစေ့ကိုပျိုးထောင်ရန်မလိုဘဲတိုက်ရိုက်ချ၍စိုက်နိုင်သည်။ကနခိုအခင်းအနေဖြင့်သီးခြားစိုက်ပါကတစ်ပင်နှင့်တစ်ပင်(၈ပေမှ၁၀ပေ)ခန့်ခွာစိုက်သင့်သည်။

(ခ) ပြုစုဂရုစိုက်ခြင်း။ ။ ပေါင်းရှင်းခြင်း၊ မြေဆွခြင်း၊ မြေသြဇာကျွေးခြင်း၊ရေလောင်းခြင်းတို့ကိုအပင်နှင့်မြေသားအ‌ခြေအနေကြည့်၍ဆောင်ရွက်ပေးရမည်။

(ဂ) အသီးခူးခြင်း။ ။ပင်သက်(၃)နှစ်သားမှစ၍ သီးသော်လည်း(၆)နှစ်သားရောက်မှသာ သီးထွက်ကောင်းသည်၊၊တပို့တွဲလမှ ကဆုန်လအတွင်း အသီးများရင့်မှည့်လာပါက ဆွတ်ခူးပြီး အစေ့ကိုထုတ်ယူရသည်။

အသုံးပြုသည့်အစိတ်အပိုင်း။ ။ အစေ့၊ အစေ့ဆီ။

အာနိသင်။ ။မြန်မာဆေးကျမ်းများအလိုအရကနခိုစေ့သည်ခါး၏၊ပူသောသတ္တိရှိ၏၊လေသလိပ်ဖေါက်ပြန်ခြင်းကို ပျောက် ကင်းစေ၏၊၊ဝမ်းမီးကိုတောက်စေ၏။ အစေ့ဆီသည်လေသလိပ်ကိုကြေစေနိုင်၏။ဝမ်းတစစ်စစ်သက်သောရောဂါကို ပျောက်ကင်းစေနိုင်၏။အသည်းရောင်ခြင်းနှင့်မေ့‌မြောသောရောဂါ၊ရွဲ့စောင်းသောရောဂါတို့မှကင်းဝေးစေ၏။အဆိပ်ကိုပြေစေသည်။

အသုံးပြုပုံ –

အစေ့ (၁) ကနခိုစေ့ကိုဝမ်းနှုတ်ဆေးအပုပ်ချဆေးများတွင်ထည့်သွင်းအသုံးပြုသည်။

(၂) ကင်းမြီးကောက်ကိုက်သောဒဏ်ရာတွင်ကနခိုစေ့သွေးလိမ်းပေးသော်ကင်းမြီးကောက်အဆိပ်ပျောက်ကင်း၏။

အစေ့ဆီ (၁) အစေ့ဆီကိုချင်းစိမ်းရေနှင်‌့ရော၍ကလေးကြက်ညှာချောင်းဆိုးရောဂါကုဆေးအဖြစ်သုံးသည်။

(၂) ကနခိုဆီ ၁- ဆနှင့်အုန်းဆီ ၈ – ဆ ရောစပ်‌ပြီးအဆစ်အမြစ်ကိုက်ရောဂါကိုလိမ်းပေးကပျောက်၏။

(၃)ဝမ်းဗိုက်နှင့်စပ်လျဉ်းသောရောဂါအကြောတက်ရောဂါ၊ အဖျားရောဂါ၊ ရောင်နာ၊ ရင်းနာ၊ လည်ချောင်း၊ နားနှင့်ပတ်သက်သောရောဂါများ အတွက်လည်းအသုံးပြုနိုင်၏။

စာရင်းသို့ ပြန်သွားရန်